Social Icons

-

Pages

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Sunday, September 2, 2012

အချစ်နဲ့ ဘဝ

အချစ်က စိတ်ကူးယဉ်လို့ရတယ်။ ဘ၀ကတော့ စိတ်ကူးယဉ်ပုစ္ဆာမဟုတ်ဘူး။ လက်တွေ့လုပ်မှရမယ့်အရာ။
အချစ်ကလွမ်းမောနေလို့ရတယ် ဘ၀အတွက်တော့ အဲဒီလွမ်းမောမှူက ဘ၀ အလွမ်းတွေနဲ့ ဘ၀အမောတွေပဲ ကျန်ခဲ့လိမ့်မယ်။
ချစ်သူကို I miss you လုပ်နေရင်တော့ ဘ၀ကလည်း ကိုယ့်ကို I miss you လုပ်သွားလိမ့်မယ်။
ပြန်မရနိုင်တော့တဲ့ အချစ်ကို သင်မျှော်လင့်နေချိန်မှာ ပြန်မရနိုင်တော့တဲ့ အချိန်တွေကတော့ အလဟသ ကုန်ဆုံးသွားပြီ။
သင့်ဆီကထွက်သွားတဲ့ ချစ်သူကို မသွားပါနဲ့လို့ တားလို့ရချင်ရမယ် သင့်ဆီကထွက်သွားတဲ့ တန်ဖိုးရှိတဲ့
အချိန်တွေကိုတော့ တားလို့ရမှာမဟုတ်ဘူး။ အချစ်အလွမ်းအဆွေးတွေကိုပဲတစ်ချိန်လုံး စိတ်ထဲမှာတွေးပြီး
ရင်ခုန်နေရင်တော့ သင့်အနာဂတ်ဘ၀ကလည်း သင့်ကိုကြောက်စရာကောင်းတဲ့ ရင်ခုန်မှုတွေပေးတော့မယ်။
ပျောက်ဆုံးသွားတဲ့အချစ်ကိုပဲ ၇ှာဖွေဖို့ကြိုးစားနေရင် သင့်ဘ၀ သင့်အနာဂတ်တွေကတော့ ပျောက်ဆုံးဖို့
သေချာနေပြီ။
အချစ်မျှော်လင့်ချက်တွေ ပျောက်သွားရင် ပြန်ရှာလို့ရနိုင်ပေမယ့် ဘ၀မျှော်လင့်ချက်ပျောက်သွားရင်တော့
ပြန်ရှာဖို့ မလွယ်ဘူး။
သင်ကသင့်အချစ်တွေကိုပဲ နောက်ကြောင်းပြန်တွေးနေချိန်မှာ တခြားသူတွေက သူတို့အနာဂတ်အတွက်
ရှေ့ဆက်နေကြပြီ။။။
လက်ညောင်လိုက်တာ။။ သူငယ်ချင်းအိမ်ကိုသွားလည်ရင် သူတို့ဝယ်းထားတဲ့ ဂျာနာမှာတွေ့မိလို့ တင်ပေးလိုက်တာပါ။ ကျေးဇူးတင်ပါတယ် ...။။။

Sunday, September 25, 2011

ဆရာတော်ကြီးများ၏ အသိပေးစကားစု

ပုံနှိပ် စာအုပ် လောကစာအုပ် စိတ်စာအုပ် သုံးမျိုးရှိတယ်
စိတ်ကို ဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်.............
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်
လူတိုင်းရဲ့ တစ်မျိုးစီ အလှကို မြင်တတ်ရင်
ဘယ်လောက်သာယာ လိုက်မလဲ လို့ ..............................
........
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြေကွဲမှု ပျက်စီးမှု ဆုံးရှုံးမှုတွေနဲ့ အတူ
ထွက်ပေါ်လာတဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားကို
လွယ်လွယ်မသုံးမိအောင် သတိထားပါ .....................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကြာပန်းက ရေကန်ကိုသာ အလှဆင်တယ်
မိုးတိမ်တွေကလည်း ကောင်းကင်ပြာကိုသာ အလှဆင်တယ်
လာခြင်းကောင်းသော မိတ်ဆွေကတော့ တစ်လောက လုံးကို အလှဆင်တယ် ..............
( သုဗောဓာ လင်္ကာရကျမ်း)

သူ့ကြောင့် ၀မ်းသာခဲ့ ဖူးပြီ .......
သူ့ကြောင့် ခံစားခဲ့ဖူးပြီ ...........
ဝမ်းသာရတာ ခံစားရတာ
ပင်ပန်းလှပါပြီ..........................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ
ဘာမျှ မယ်မယ် ရရ မရှိခဲ့ပါဘူး
အသိဥာဏ် တိုးပြီး လူဖြစ်ကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့.........................................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ )

စွန်လွှတ်သူ ဆိုတာ သူ့ကို ဘယ်သူကမှ မကြည့်ချင်နေပါစေ
သူလွှတ်တဲ့ စွန် တက်နေတာကိုကြည့်ပြီး ပီတိနဲ့ကျေနပ်နေတတ်သူမျိုးပါ
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

ကြာလည်းမမေ့ ..................
ရှာလည်းမတွေ့.................
ငါလည်းတစ်နေ့................
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သူ့နှလုံးသားရဲ့ စကားပြန်ကတော့
သူ့အမူအရာပါပဲ ...............................
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

မပြိုကွဲနိုင်တဲ့ အရာကို
ဆောင့်မတိုးလိုက်နဲ့
သူမကွဲရင် ကိုယ်ကွဲမယ်...............
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း )

သစ်ပင်တိုင်းမှာ
အလှတစ်မျိုးစီ
ရှိကြပါတယ်..........................
လူတိုင်းရဲ့
တစ်မျိုးစီ အလှကို
မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲ လို့.............................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အမှိုက်လှဲ ပြီးမှ
ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက
ပိုကောင်းမယ်......................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အရွယ်ချင်း မတူရင်...............
နေရာချင်း မတူရင်...............
အဖြစ်ချင်း မတူရင်..............
အသိချင်း မတူနိုင်ပါဘူး.........
ဒါလေးတော့
နားလည်သင့်တာပေါ့..................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ငယ်တုန်းက ထမင်းကို
ဝါးပြီးခွံ့ခဲ့တာ ကောင်းပေမယ့်
ကြီးလာတဲ့ အခါ
အန်ဖတ်တွေ ထင်တတ်တယ်............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကျေနပ်စရာကြောင့်ဖြစ်စေ
မကျေနပ်စရာကြောင့်ဖြစ်စေ
လောကဓံကြောင့်
တုန်လှုပ်နေသူ မှန်သမျှ
လောကကို အရှုံးပေးနေရသူချည်းပါပဲ..................
ဆရာတော် တစ်ပါး

အယောင်ဆောင် ပညာရှိက
အပြစ်ကိုသာရှာပြီး
ထောက်ပြတတ်တယ်
ပညာရှိအစစ်က
အမှန်ကို ချီးကျူးပြီး
အမှားကို ပြုပြင်ပေးတယ်
အဋ္ဌကထာဆရာတော် ( သီဟိုဠ် )

ပုထုဇဉ် ဆိုတာ အပြစ်နဲ့ မကင်းဘူး ဆိုပေမယ့်
ဆရာသမားက ကိုယ့်တပည့်ပါ လို့ မပြောချင်လောက်အောင်
မိဘက တို့သားသမီးပါ လို့ မပြောချင်လောက်အောင် အထိတော့
မဖြစ်စေသင့်ဘူး.............................................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ဘာမှ မစွမ်းနိုင်ဘူးဆိုရင်တောင်
ကိုယ့်ခြေရာ လက်ရာ တစ်ခုခုတော့
နောင်လာနောက်သား သတိရလောက်အောင်
ချန်ထားရစ်ခဲ့ ရမယ် .........................
ည၀ါအကျော် ဆရာတော်ကြီး ( တောင်မြို့ )

ကိုယ့်ကို စောင့်ရှောက်တာ
ကိုယ့်မှာ ရှိတဲ့ တရားပဲ........................

ကိုယ့်ကို ဖျက်ဆီးတာ
ကိုယ့်မှာ ရှိတဲ့ မတရားပဲ.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က မှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်...............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စုပြီး ဆုံပြီး ရှင်းလင်းကြတာက
စုဆုံပြီး ငြင်းကြတာထက်
အကျိုးကောင်းတွေ များပါတယ်...................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သဘာဝတရားကြီးဟာ
ချစ်စရာလို့ပဲ ထင်ထင်...
မုန်းစရာလို့ပဲ ထင်ထင်...
သူ့သဘော သူဆောင်တာ မှန်ပေမယ့်
သတ္တ၀ါတွေက
ချစ်ခင်စရာတွေကိုတော့ မခွဲချင်ကြဘူး...
မုန်းစရာကျတော့ မတွေ့ဆုံချင်ဘူးဆိုတဲ့ ..
လိုအင်ဆန္ဒတွေ ဖြစ်နေကြတယ်... .... ...
(တရားဦး- ဓမ္မဘေရီ အရှင်ဝီရိယ)

လူတိုင်းဟာ အသက်ရှင်ဖို့အတွက်သာ
ရေးကြီးခွင်ကျယ် ထင်မှတ်နေကြပေမယ့်
အသက်ရှင်ရတာဟာ
ဘာလုပ်ဖို့လဲဆိုတာ အထိတော့
ဆက်ပြီး မစဉ်းစားတတ်ကြဘူး...။
ဆရာတော်တစ်ပါး (ပုသိမ်)

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့.....................
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပညာဆိုတာ ကောင်းပါတယ်။
ပညာရှိချင်တာလား?
ပညာပြချင်တာလား?
နည်းနည်းတော့ သတိထားပါအုံး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်ကမှန်အောင်နေပြီး
သူများမှားနေရင်လည်း
နားလည်နိုင်ရမယ်.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာတွေကို ကြိုးစားလုပ်ရင်းနဲ့
လုပ်သမျှတွေဟာ ..
အကောင်းချည်း ဖြစ်လာရင်
အကောင်းဆုံးပေါ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

သောကမီးတွေ ညီးညီးပြောင်ပြောင်
အမြဲတောက်လောင်နေပါလျှက်
ဘာကြောင့် ပျော်ရွှင်ဝမ်းမြောက်နေကြသလဲ..
အမှောင်ထုကြီး ကာဆီးပိတ်ဖုံးထားပါလျှက်
ဘာကြောင့် လင်းရာကို မရှာမှီးကြသလဲ..
(ဓမ္မပဒတရားတော်-၁၄၆)

ရင်ခွင်ပိုက် ကလေးများက မိခင်ရဲ့ မေတ္တာကို စိန်ခေါ်တယ်..
သက်ကြီးရွယ်အိုတို့က သားသမီး မြေးများနဲ့ လူငယ်တို့ရဲ့
ကျေးဇူးသိတတ်မှုနဲ့ မေတ္တာတရားကို စိန်ခေါ်တယ်..
လောကဓံတရားက အရွယ်ရောက်သူတိုင်းကို စိန်ခေါ်တယ်...
ကံတရားက တုန့်ပြန်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင်လိမ့်မယ်
ဓမ္မဘေရီ ဆရာတော် ( တောင်စွန်း)

ကျေးဇူးဆိုတာ သိတတ်သူအတွက်
အကျိုးကန့်သတ်မရှိ ခံစားနိုင်သလို
ကျေးဇူးကန်းသူအတွက် ကန့်သတ်မရှိ
ပေးဆပ်ရတတ်တာမျိုး....
ဓမ္မဘေရီ ဆရာတော် (တောင်စွန်း)

အမြဲတမ်း သူ့ကိစ္စနဲ့သူ
ရှုပ်နေတာပါလို့ နားလည်ရင်
ကိုယ့်အရှုပ် ထပ်မပေးလိုက်ပါနဲ့
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ
ကိုယ်နဲ့ သိပ်မဆိုင်ရင်
ပြဿနာက သေးတယ်
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ
လုံးဝမဆိုင်တော့ရင်တော့
ပြဿနာမရှိတော့ပါဘူး
ဓမ္မဒူတဆရာတော် (မှော်ဘီ)

ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာ မရှိပါဘူး
လုပ်ငန်း စရသေးတာပဲရှိတယ်။
ဓမ္မဒူတဆရာတော် ( မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
ဓမ္မဘေရီဆရာတော် (တောင်စွန်း)

မိုက်တယ်ဆိုတာ ကိုယ်ပဲ ခံရတာ
လိမ္မာတယ်ဆိုတာ ကိုယ်ပဲ စံရတာ
မယုံခဲ့ရင်တောင် မိုက်မကြည့်နဲ့
လိမ္မာပါ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ကုသိုလ်ကံမှာ လိုရာကိုပေး စိတ်လည်းအေး၍
သူကတစ်ဖန် ကိုယ့်ကိုပြန် တာဝန်ယူပေးမှာ
တိပိဋက ဆရာတော်ကြီး (ယော)

လူကိုယုံလို့ ပုံအပ်ခဲ့ပြီးပြီ
ရွှေကိုယုံလို့ စီးပွားရှာခဲ့ပြီးပြီ
ရတနာသုံးပါးကို ယုံကြည်လို့
ပုံအပ်ပြီးပြီလား............?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

"ဒုက္ခ" ဆိုတဲ့ ကောင်က သူရောက်လာရင်
အနည်းဆုံးတော့ ညည်းညူနေမှ ကျေနပ်တာလေ..
ဖြစ်နိုင်ရင် ငိုကြီးချက်မနဲ့ လူးလှိမ့်နေတာကို
သူက မြင်ချင်တာကိုး...
ကိုယ်က သူ့အလိုနဲ့  ဆန့်ကျင်ပြီး
ဣနြေ္ဒမပျက် နေပြလိုက်တော့
သူအတော် ဖြုံသွားပုံရတယ်..
ခုဆို ကိုယ့်ဆီ သူ တယ်လာချင်ပုံ မရတော့ဘူး.....
ပရဟိတ ဆရာတော်ကြီး

လေကြောင့် ပျံသန်းနိုင်တဲ့ ငှက်ဟာ
လေရှိမှန်း မသိကြသလို
ရေကြောင့် ကူးခပ်နိုင်တဲ့ ငါးဟာ
ရေရှိမှန်း မသိကြသလို
ဓမ္မ အဓမ္မကြောင့်
ကောင်းကောင်း ဆိုးဆိုး
ဖြစ်နေတဲ့ သတ္တ၀ါတွေ ဟာလည်း
ဓမ္မ အဓမ္မကို
ရှိမှန်း မသိကြပါဘူး...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ပေးနိုင်သူ ထံက တောင်း၊
လက်ခံမယ့် သူကို ပေး၊
ဒါမှ အဆင်ပြေမယ်...............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့ လူ
မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ...?
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လူတိုင်းမှာ အစွမ်းကိုယ်စီ ရှိကြပါတယ်
ကိုယ်စွမ်းရာက မစကြဘဲ
သူများပါးစပ်နဲ့ လမ်းဆုံးနေကြလို့သာ
အစွမ်းမပြနိုင်ကြတာပါ..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

ကိုယ်ပြုသမျှ ကံများသည်ပင်
ကိုယ်ရှေ့ဆက်ရမည့် ခရီးအတွက်
ခရီးသွားလက်မှတ်များ ဖြစ်ပါတယ်
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

တခြားပစ္စည်းတွေကိုရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်
စိတ်ချမ်းသာမှုကိုရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့..................။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

စိတ်ဆိုးနေတဲ့ အခါ
ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ
ရှုပ်နေရင် ရှင်းတဲ့စိတ်
ပူနေရင် အေးတဲ့စိတ်
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်းလဲ လိုက်ပါ..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လေးစားထိုက်သူရဲ့ စကားကိုမှ
နားထောင်ကြတာ။
ကိုယ့်စကား
နားထောင်စေချင်ရင်
လေးစားထိုက်အောင်နေပေါ့.........။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်..............။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘေးကိုကြည့်လွန်း အားကြီးရင်
ဘေးတွေ့တတ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ကိုယ်က ကြိုက်လို့ကောင်းတာထက်
ကောင်းတာမိုလို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့...................။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

လူမှုရေးဆိုတဲ့ ကြိုးနဲ့
လူ့ဘောင်ကို ၀ိုင်းခတ်ထားတယ်
လူကိုမမှုရင်
လူ့ဘောင်ရဲ့ဘေးရောက်မယ်.........
လူကိုမှုနေရင်လည်း
ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး.............
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

သူတစ်ဖက်သား မျက်မာန်ပွားသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။ ။
မင်းကွန်းဆရာတော်ကြီး

အမြင့်ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းတယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မေတ္တာ ပို့နေရုံနဲ့
မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ
ရှိနေဖို့က
အရင်လိုအပ်တယ်။ ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မုန်းလောက်အောင်
ကြိုးစားလိုက်စမ်းပါ၊
ပျင်းတဲ့သူတွေက
မုန်းချင်သလောက်
မုန်းစမ်းပါစေ။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ရက်ရက်စက်စက်
ရိုးသားလိုက်စမ်းပါ၊
ဒီရက်စက်မှုမျိုးကို
သူတော်ကောင်းတွေက
မြတ်နိုးပါတယ်။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မင်းမရှိလည်း ဖြစ်တယ်
သူမရှိလည်း ဖြစ်တယ်
ငါမရှိလည်း ဖြစ်တယ်
ဘာမျှ မရှိလည်းဖြစ်တယ်.............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မိုက်မဲတယ် ဆိုတာ
မိုက်လွန်လွန်း အားကြီးလို့
ကြုံတာလေး တစ်ခုတည်းကို
မဲ နေတာ............။
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းဆုံရာ မေတ္တာအလှဆုံး
တိပိဋက ဆရာတော်ကြီး (ယော)

ကိုယ်ကျင့်တရား ဖြူစင်ရင်
အသိတရား မြင့်မြတ်လာသလို
စစ်မှန်တဲ့ အသိတရားရရှိသူဟာလည်း
ကိုယ်ကျင့်တရား ဘယ်တော့မှ မပျက်စီးဘူး..
ဓမ္မဘေရီ ဆရာတော်ကြီး (တောင်စွန်း)

"မမှားသော ရှေ့နေ၊ မသေသော ဆေးသမား" တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ....
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး
ဓမ္မဒူတ ဆရာတော် ( မှော်ဘီ)

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ
အမှန်အတိုင်း မြင်တယ် ခေါ်တယ်။
မြင်တဲ့အတိုင်း မှန် , မမှန်
ကြားတဲ့အတိုင်း မှန် , မမှန်
ဆန်းစစ်ရမယ်။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

အထွတ်အထိပ်ကို
ရောက်သွားသူတိုင်း
အခက်အခဲတွေကို
ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

မိုးကုတ်ဆရာတော်ဘုရားကြီး။ ။ ဝိပဿနာဆိုတာ အသေကို အရှင်နဲ့ ကြည့်တာလို့မှတ်ပါ။ တောကျောင်း တောင်ကျောင်းကို သွားပြီး ရှုမှရတာ မဟုတ်ပါဘူး၊ ကိုယ့်အသေက ခန္ဓာထဲမှာ ရှိပါတယ်။ ကိုယ့်အသိကလည်း ခန္ဓာထဲမှာပဲ ရှိပါတယ်။ အဲဒါ ကမ္မဋ္ဌာန်းကျောင်း။ အထူးလိုက်ရှာနေစရာ မလိုပါဘူး၊ တရားနာရတာကို ကုသိုလ်ရရုံမနာကြဘဲ နိဗ္ဗာန်ရအောင် လုပ်ကြဖို့ လိုပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး။ ။ ခန္ဓာကိုယ်ထဲက ဖြစ်ပေါ်လာတဲ့ ကာယဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာပေါ်တိုင်း ပေါ်တိုင်း သတိနဲ့ လိုက်နေရုံနဲ့ မပြီးသေးပါဘူး၊ သမ္ပဇညနဲ့ လိုက်ပါဦး၊ ဝေဒနာ ပေါ်တိုင်း ပေါ်တိုင်း သိတာက သတိလို့မှတ်၊ ဒီကိုယ်ကြီး ရှိနေတော့ ကိုယ်ပေါ်မှာ ဝေဒနာအမျိုးမျိုးပေါ်မှာပဲ။ ဒီကိုယ် အနိစ္စမို့ ကိုယ်ကို မှီပေါ်ရတဲ့ ဝေဒနာဟာလည်း အနိစ္စပဲလို့ ”မြင်-သိ”နေရမယ်။ ဒီလို ပျက်သင့် လို့ ပျက်တာမှန်း သိတာက ”သမ္ပဇည” လို့မှတ်၊ ဒါကြောင့် ပျက်သင့်လို့ ပျက်တာမှန်းသိအောင် ဖြစ်ပျက်ကို ရှုပေးပါလို့ ရှင်နန္ဒက ဘိက္ခုနီမငါးရာကို ဟောတော်မူတယ်။ ...............ဦဦးမှော်ဆ၇ာမေလ်းမှမျှဝေတင်ပြပါသည်

Tuesday, May 24, 2011

IT ခေတ် မြန်မာစကားပုံ

IT ခေတ် မြန်မာစကားပုံဖွင့်ဆိုချက်များ




Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။



ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်

Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။



ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း

Connection ကောင်းရာ လိုင်း/ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။



ဂါထာပေး တေးဖြစ်

မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။



ငါးစိမ်းမြင် ငါးကင်ပစ်

ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။



စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့်

ဆေးရိုးသည် = Access Denied Page



ဆင့်ပါးစပ် နှမ်းပက်

ဆင့်ပါးစပ် = Internet Users

နှမ်း = Internet Bandwidth



ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး

မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်.... :D



တစ်ခါသေဖူး ပျဉ်ဖိုးနားလည်

ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်းကို ဆိုလိုသည်



တစ်ရွာ တစ်ကျီဆောက်သည်

ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်



ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည်

ကောင်းမလားလို့ Windows 7 (64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။



ဒူးလောက်တင်မှ ရင်လောက်ကျသည်

Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။



နဂိုရှိမှ နကိုင်းထွက်သည်

Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။



ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်)

မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။



ပျက်အစဉ် ပြင်ခဏ

MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက် အရမ်းကောင်းသည်)



ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်

ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...



ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ

ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။



ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း

ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်းကို ဆိုလိုသည်။



မမှားသောရှေ့နေ၊ မသေသောဆေးသမား

မကျဖူးသော ကွန်နက်ရှင်လိုင်း....



မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်

နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။



ရှင်ဘုရင့်ပုဆိုး ပိုးချည်းပဲ

Mac Book Air, Pro, iPad 2, iPhone 5



လင်းတလောက်တော့ ငှက်တိုင်းလှသည်

လင်းတ = မြန်မာပြည် ကွန်နက်ရှင်



လယ်ထွန်သွား နွားမေ့

အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။



လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်)

ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)



ဝက်ဖြစ်မှ မစင်မကြောက်နှင့်

အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။



သန်းခေါင်ထက် ညဥ့်တိုးမနက်

Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။



သေချင်တဲ့ကျား၊ တောပြောင်း

မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။



အုတ်ရောရော ကျောက်ရောရော

Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊ Spam များပါ တက်လာလေ့ရှိသည်။



အရေးကြီးတော့ သွေးနီးရာ

အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။



အငိုလွယ်လျက် အရှိုက်ခက်သည်

Download လွယ်သလောက် Upload ခက်သည်။



အရူးမီးဝိုင်းသလို

တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း။



အကြံတူရန်သူ

အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။



အနာပေါ်တုတ်ကျသည်

ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.. :D

Saturday, May 14, 2011

မြန်မာ့ရိုးရာစကားထာများ

မေး နေ့ချွတ် ည၀တ်။
ဖြေ တံခါး မင်းတုပ်။

မေး အစိမ်းပေါ် အဖြူတင်၊ အဖန်လာမှ နီရောင်ဆင်။
ဖြေ ကွမ်းယာ။

မေး သူ့ကိုရိုက်တော့ ချာချာလည်၊ ကြိုးကိုဆွဲပြီး ငိုရှာတယ်။
ဖြေ ကြေးစည်။

မေး ကန်ထဲမှာရေ၊ ရေထဲမှာမြွေ၊ မြွေခေါင်းမှာရွှေ။
ဖြေ မီးခွက်။

မေး အညာကဆင်ဖြူ၊ အမွှေးထူ။
ဖြေ ကြက်သွန်ဖြူ။

မေး ဖူးခနဲထောင်၊ ဖောင်ခနဲလဲ၊ ရဲရဲနဲ့ တွဲလွဲဆွဲ။
ဖြေ ငှက်ပြောဖူး။

မေး သူ့အပင်နွဲ့ချောင်း မတက်ကောင်း၊ စားကောင်းပါရဲ့ ဖူးတံနဲ့။
ဖြေ ပြောင်းဖူး။

မေး ပ၀ါခြုံလုံပါပေ့၊ ဆံမြိတ်ချ လှပါပေ့၊ ကျောက်တန်းစီ ညီပါပေ့။
ဖြေ ပြောင်းဖူး။

မေး အသီးပေါ် အပင်ပေါက်၊ ခြေထောက်တစ်ချောင်းထောက်။
ဖြေ နာနတ်သီး။

မေး ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့်ထ။
ဖြေ နာနတ်သီး။

မေး တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ရာဇာမင်းလောင်း ထီးဖြူဆောင်း။
ဖြေ မှို။

မေး ဆုပ်လျှင် စူး၊ နမ်းလျှင် မူး၊ စားလျှင် ရူး။
ဖြေ ပဒိုင်းသီး။

မေး တို့နွားတစ်ကောင် ဘို့တစ်ထောင်။
ဖြေ ကြက်ဟင်းခါးသီး။

မေး တို့နွားတစ်ကောင် ဘို့တစ်ထောင် ခြေရာလည်းပျောက် ရေလဲနောက်။
ဖြေ ကြက်ဟင်းခါးသီး နှင့် ဆန်ဆေးရေ
(ကြက်ဟင်းခါးသီးချက်လျှင် ဆန်ဆေးရေနှင့်ဆေးပါက အခါးသက်သာသည်ဟု ဆိုကြသည်။)

မေး သူ့ပင်စည်က မြွေပွေးပြောက်၊ သူ့အသီးက ပြည်တောင်းလောက်။
ဖြေ သင်္ဘောသီး။

မေး နွားမတစ်ရာ ရေဆင်းလာ၊ ခြေရာလည်းပျောက် ရေလည်းနောက်။
ဖြေ ဆန်ဆေးသည်။

မေး ဖတ်လတ် ဖတ်လတ် ၂ ဖတ်လတ်၊ တွဲလွဲ တွဲလွဲ ၂ တွဲလွဲ၊
ဒေါက်လောက် ဒေါက်လောက် ၄ ဒေါက်လောက်။
ဖြေ ၂ ဖတ်လတ် = နားရွက် ၂ခု၊
၂တွဲလွဲ = နှာမောင်းနှင့်အမြီး။
၎ ဒေါက်လောက် = ခြေ ၄ ချောင်း။
ဆင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မေး ရေမရှိ မြစ်လယ်ကောင်
ထင်းမရှိ တောင်သုံးတောင်
နှမမရှိ ခြောက်ယောက်မောင်

ဖြေ မေတ္တာတရား
အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော
အာရုံခြောက်ပါး။


မေး ပန်းဇော်တကို၊ နေ့ညမဆို၊ ဆင်စေလိုသည်၊ ဗဟိုရင့်ကျူး၊ နာရီမှူး။
ဖြေ ကြက်ဖ (ဗဟိုစည်နှင့် နာရီပမာ အချိန်မှန်မှန် တွန်ကျူးတတ်သည်။)

မေး ဆယ့်ခြောက်ပြည်ထောင် ပိုင်စိုး၊ မင်းမျိုးငဲ့ရာဇာ၊ ရှေးကုသိုလ် ကံမကောင်းတာကြောင့်
ခေါင်း ခြေ လက် မပါ။
ဖြေ တင်းတောင်း ( ၁၆ပြည်ဆံ့)

မေး သဒ္ဒါလည်း မတတ်၊ ပရမတ်လည်းမကျေ
လူရှေ့မှာလည်းနေ၊ မှန်လျှင် မှန်စေ၊ မမှန်လျှင် လျှာထုတ်ပြသည်။
ဖြေ ချိန်ခွင်

မေး ခြေရှစ်ချောင်း၊ ခေါင်းဘယ်ညာ၊ အမြီး ခါးလယ်မှာ။
ဖြေ ချိန်ခွင်

မေး ရေလယ်ကောင်သောင်ထွန်း၊ နတ်သမီးနေတဲ့ကျွန်း
ဖြေ ကျောက်ပျဉ်
မေး ချောင်ငယ်ကောက်ကောက်၊ ရေလယ်နောက်နောက်။
ဖြေ ကျောက်ပျဉ်။

မေး နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်သော်လည်း တစ်ပေါက်တည်း။
ဖြေ အပ်

မေး ငုပ်ချည်ပေါ်ချည်၊ သူ့ဖင်ကို ကြိုးနဲ့ချည်။
ဖြေ အပ် နှင့် ချည်။

မေး နတ်သမီး တံတွေးပေါက် ကြက် မကောက်နိုင်။
ဖြေ နေပြောက်

မေး နွားနို့ တစ်ပန်းကန် တစ်ပြည်လုံးလျှံ။
ဖြေ လ နှင့် လရောင်

မေး နတ်သမီးအိမ်တိုင် သူခိုးမတက်နိုင်။
ဖြေ ငှက်ပျောပင်

မေး နတ်သမီးသောက်ရေကန် တံတိုင်း သုံးထပ်ရံ။
ဖြေ အုန်းသီး။

မေး မဖွပ်ဘဲဖြူ၊ မခပ်ဘဲ ပြည့်။
ဖြေ အုန်းသီး

မေး မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မခပ်ဘဲပြည့်သည့် နတ်ရေအိုး။
ဖြေ အုန်းသီး

မေး ဒိုက်ခုတ်တော့ အုတ်ပေါ်၊ အုတ်ခုတ်တော့ ကြွေပေါ်၊
ကြွေခုတ်တော့ ရေပေါ်၊ ဘာသီးလဲနော်။
ဖြေ အုန်းသီး

မေး သွားတော့ ခွေခွေ၊ နေတော့ စင်းစင်း။
ဖြေ ခေါင်းခု။

မေး လေးထောင့်စပ်စပ်၊ သူ့မျက်နှာ ငါ့မှာကပ်။
ဖြေ မှန်

မေး အပင် နွဲ့နှောင်း၊ အသီးဖောင်းဖောင် မစားကောင်း။
ဖြေ ဆံပင်နှင့် သန်းဥ။

မေး ငါ့နွားနက်နက် ချုံပေါ်တက်၊ ချက်ချက်သံမျှ မကြားရ
ဖြေ ဆံပင်နှင့်သန်း

မေး သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးတည်း။
ဖြေ ဆံပင်နှင့် ဆံထုံး

မေး နှစ်ယောက်တစ်တွဲ၊ နေ့မှာခွဲ၊ ညဘက်ကျလျှင် ပြန်ပေါင်းချင်။
ဖြေ တံခါးရွက်။

မေ့နေတာလေးတွေရှာဖွေပြီးပြန်လည်သတိရစေဘို့ တင်ပေးလိုက်ပါတယ်..

Saturday, May 7, 2011

မိဘရဲ့ မေတ္တာ

http://api.ning.com/files/YmZUIFr7QINH1Q3PPAevzMgtMC1367EIZK9vMLudVPZ1W3aBxChvA1GQI4PctnUmei3ue5ywQUWfJwsqE08xp*fjl4UqGKzr/mother2.gif

အမိအဖမေတ္တာ
တောင်ကျရေပမာစီး
အစုန်ခရီးနှင်

မမောမပန်းတသွင်သွင်ထွေးဖက်
ကောင်းရာညွှန်လတ်

အနွေးဓါတ်နှင့်မွန်းမံ
သောကတွေရင်စည်းခံလို့
သားဖို့၊သမီးအတွက်
နေ့စဉ်လဆက်
နှစ်အထပ်တည်တိုင်အောင်
ပင်ပန်းလှပြီနော်***


ဒါကြောင့်အမေ နဲ့ အဖေရေ

ထည်ကြည်စွာဘာဝနာနဲ့ 

အေးချမ်းစွာတရားရိပ်နားပါတော့


သားတို့ တကြော့ပြန်
လောကဒဏ်ရေဆန်ခရီး

အမိအဖကျေးဇူးတခါခွင့်ရယ်ကြုံ

ပြန်စီးခွင်ပြုပါ။ ။

Friday, March 4, 2011

မိန်းကလေးတွေအတွက်

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကိုသူ မချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ.. ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်တယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူ မချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်နဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။
သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွား ဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင် ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။ ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တတ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့..... သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။ ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲလိုက်ပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။ မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။

(၃ဝ)
လမ်းခွဲချိန် မငိုနဲ့ .... လုံးဝ မငိုနဲ့ လို့  ဆိုလိုတာ မဟုတ်ပါ။ သူ့ ရှေ့မှာ မငိုပါနဲ့... သူ့ ကွယ်ရာကျမှ ငိုပါ။

*** ချစ်သူတိုင်းးးး စိတ်သဘောထားချင်း တိုက်ဆိုင်ပြီး သာယာဖြောင့်ဖြူးတဲ့  ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင် ကြပါစေ ***

နိုင်းနိုင်းစနေ မှ

Sunday, February 13, 2011

မိမိကိုကိုယ် မိမိချစ်တတ်ပါစေ


ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ ကြီးခါမှ ကောင်းအောင်နေမယ်လို့ မလုပ်ကြပါနဲ့
နောင်တဆိုတာ နောင်မှရတက်တယ်
ငယ်ငယ်တုန်းက မဟုတ်တာတွေ လုပ်ထားမိရင်
ကြီးခါကျတော့ နောင်တတွေရကုန်ရော
နှလုံးမသာယာ မှုတွေ ဖြစ်ကုန်ရော
ဒါကြောင့် ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ

ဆိုတဲ့ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ ကဗျာလေးကို ဖတ်ပြီး စာရေးသူ တော်တော်လေး သံဝေဂ တရားရမိပါတယ်။ စာရေးသူ အပါအဝင် စာဖတ်သူတွေ အားလုံး ဒီစကားရဲ့ အဓိပ္ပါယ်လေးကို မြင်အောင် သိအောင် လုပ်ဖို့ လိုအပ်ပါတယ်။နောင်မှ ရတဲ့ နောင်တ ဆိုတာ ဘယ်တော့မှ မကောင်းတာကိုလည်း အားလုံး သိပါတယ်။ ဒါဆို စာရေးသူတို့ အားလုံး ဘာလုပ်သင့်ပါသလဲ။ ယခု ရောက်ရှိနေတဲ့ အရွယ်ကနေ စပြီး ပြုပြင် နေထိုင် သွားကြရမှာပေါ့။အသိဥာဏ်ဆိုတာ ငယ်တာ ကြီးတာ နဲ့မဆိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုရင် အသက်ကြီးပေမယ့် အသိမဥာဏ်မရှိတဲ့ သူတွေ ရှိသလို အသက်ငယ်ပေမယ့် အသိဥာဏ် ထက်မြက်တဲ့ လူငယ် လူရွယ် တွေ တပုံကြီးရှိပါတယ်။အသိဥာဏ်ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ ရင့်ကျက်မူ နဲ့ မရင့်ကျက်တာ ပဲ ကွာပါလိမ့်မယ်။ အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် မိမိရဲ့ ရှိသလောက် အသိဥာဏ်နှင့် စဉ်စားပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ။အလုပ်တစ်ခုကို အသိဥာဏ်နဲ့ ယှဉ်ပြီး လုပ်မယ်ဆိုရင် အမှားရှိမယ် ဆိုရင်တောင် အဲဒီအမှား ဟာ လွယ်လွယ် ကူကူ နဲ့ ပြန်လည် ပြုပြင်လို့ ရမှာပါ။ အသိဥာဏ်မပါတဲ့ အလုပ်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်သလို့ မှားပြီးရင်လည်း ပြန်လည် ပြုပြင်လို့ ရလိမ့်မှာ မဟုတ်ပါဘူး၊
အဲဒီနေရာမှာ စာရေးသူ ပြောစရာ တစ်ခုရှိပါတယ်။ ယခုလို ခေတ်ကြီးထဲမှာ လူကြီး လူငယ် စာရိတ္တပိုင်းဆိုင်ရာတွေ ကောင်းကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေပါ။ လူကြီးတွေက တဖြေးဖြေးနဲ့ နောက်ကို ရောက်သွားပြီး လူငယ်တွေက ရှေ့ကို တက်လာကြလို့ပါပဲ။တိုင်းပြည်တိုးတက်ဖို့ ဆိုတာ လူကြီးတွေ ထက် လူငယ်တွေက ပိုပြီးအရေးကြီးပါတယ်။ ရှေ့ကို ဆက်တက်သွားဖို့ရန် လူကြီးတွေထံကနေ အသိဥာဏ်ကို လူငယ်တွေက အတုယူတက်ဖို့ ရန်လိုအပ်ပါတယ်။ ဒါဆို လူကြီးတွေက လူငယ်တွေ ရဲ့ စံပြ ဖြစ်မနေသင့်ဘူးလား။သူဌေးသူကြွယ်ဖြစ်ရုံမျှ လူ့အဆင်အတန်း မြင့်သူ။ လူစဉ်မီသူ မဟုတ်ပါဘူး။ စိတ်နေသဘောထား မြင့်မှသာ လူမြင့်၏။ လူစဉ်မီ၏။ ရွှေငွေပေါတိုင်း ၊ အသက်ကြီးတိုင်း လူကြီးမဟုတ်၊ စိတ်နေ သဘောထားကြီးပြီး စာရိတ္တကောင်းမွန်မှသာ လူကြီးဖြစ်မည်၊ လူကြီးဟု ခေါ်ပါသည်။။ ဒါမှ လည်း လူငယ်တွေက အတုယူစရာ ဖြစ်မှာပေါ့။သေလျှင်ပြီးစတမ်း ဝါဒ ထွန်းကားလေသမျှ ကမ္ဘာကြီးမှာ စာရိတ္တ ပျက်ပြားမှုတွေ ပျောက်နိုင်မှာ မဟုတ်ပါဘူုး။လူငယ်တွေကလည်း စာရိတ္တ ပိုင်းမှာ ကောင်းအောင် ကြိုးစားကြပါ။ စာရိတ္တမကောင်းရင် တစ်ဘဝလုံး သုံးလို့ မရတော့ပါဘူး။ စာရိတ္တဆိုတဲ့ အပိုင်းကို စတင်ကျင့်သုံးတော့ မယ်ဆိုရင် တစ်ဦးနှင့် တစ်ဦး ဆက်ဆံတဲ့နေရာမှာ ဦးလေး အရွယ်ဆို ဦးလေး။ အဒေါ် အရွယ်ဆို အဒေါ်။ နှစ်မ အရွယ်ဆို နှစ်မ။ အစ်ကိုယ် အရွယ်ဆို အစ်ကို။ အဖိုးအရွယ်ဆို အဖိုး ဒီလို ဆက်ဆံရမယ်။အမျိုးသားတွေကလည်း အမျိုးသမီးတွေကို နှစ်မအရင်း ဆက်ဆံသလို . မိမိ မိခင်ကို ဆက်ဆံသလို ပြောရမယ် ဆိုရမယ် တွေးရမယ်။ အမျိုးသမီးတွေလည်း အမျိုးသားတွေ အပေါ်မှာ ဒီလိုပဲ ပြုမှု ဆက်ဆံရမယ်။ငါ့ရဲ့စိတ်က မကောင်းတာကို လုပ်ချင်ပြီး ပြောချင်ပြီး ဆိုရင် လောလောဆယ် အိမ်မှာ ရှိတဲ့ ညီမတွေ အစ်မတွေကို ပြန်လည် မြင်ယောင်ကြည့်လိုက်ပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် ဆိုပေမယ့် လက်တစ်ဘက်က တီးချင်စိတ်မရှိရင် အဲဒီလက်ခုပ်သံ ဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။အမျိုးသမီးတွေ ဘက်ကလည်း အိနြေ္ဒရေ သိက္ခာရှိတာ အင်မတန်မှ ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့ စိတ်ဓါတ်လည်း ရှိရမယ်နော်။ စိတ်ဓါတ်မှ မကောင်းရင် ဘယ်လောက်ပဲ အိနြေ္ဒရေ သိက္ခာရှိရှိ အဲဒီအမျိုးသမီးက ကြီးအာသီးလို အပြင်က လှပပြီး အထည်းက မည်းညစ်နေသလို ဖြစ်နေမှာပါ။ တစ်ခုလောက် မေးချင်ပါတယ်။

ညီမငယ်တို့ ယခုလို အလှပြင်တာ

ဝတ်စားဆင်ယင် ထားတာတွေဟာ

ကိုယ့်အတွက်လား။ သူ များအတွက်လား။

ကိုယ့်အတွက် ဆိုရင် ကိစ္စ မရှိပေမယ့်

သူများအတွက် ဆိုရင်

ကိုယ်ဟာ သူများအသုံးချခံ ပစ္စည်း တစ်ခုလို

ဖြစ်နေလိမ့်မယ်နော်။

အဆင်မသင့်ရင် ဒုက္ခတောင်တွေ့နိုင်တယ်

တစ်ခါတစ်လေ ကိုယ့်ရဲ့ ဝတ်စား ဆင်ယင်မှုဟာ

ကိုယ့်ကို ပြန်လည် ဒုက္ခပေးတက်တယ်

သတိထားကြပါ ညီမငယ်တို့

အမျိုးသားတွေ လက်ခုပ်တစ်ဘက်တီး ချင်လောက်အောင် စည်းကမ်းမဲ့တဲ့ အပြုအမှု အပြောအဆို အနေအထိုင် ကို ဆင်ခြေပါ။ မိမိဘက်က စည်းကမ်းရှိတဲ့ အနေအထိုင် အပြုအမှု အပြောအဆို ဆိုတဲ့ လက်ခုပ်တစ်ဖတ်သာ ရှိရင် အမျိုးသားတွေဘက်က ဘယ်လောက်ပဲ လက်ခုပ် တီးချင်ပါစေ အဲဒီလက်ခုပ်သံ ဘယ်တော့မှ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။ညီငယ်တွေကလည်း ညီမငယ်တို့ကို မြင်တဲ့ အခါ၊ တွေ့တဲ့ အခါ မိမိညီမငယ်လေး တစ်ယောက်၊ အစ်မတစ်ယောက်ကို ပြုမှုဆံဆက်သလို ရိုးရိုးသားသား နဲ့ ဆက်ဆံပါ ပြောဆိုပါ။ ညီမငယ်တို့ လည်း ဒီလိုပဲ ဆက်ဆံရမယ်နော်။

ဆရာတင်မှားလို့ အပေါင်းအသင်းမှားလို့ အိမ်ထောင်ပြုမှားလို့ စတဲ့

အမှားပေါင်းများစွာဟာ ဗဟုသုတမရှိလို့။ အချိန်ယူ မလေ့လာ မစူးစမ်းလို့

ရလာတဲ့ ဒဏ်ချက်တွေပါ။ တစ်ခုခု လုပ်တော့မယ်ဆိုရင် အချိန်ယူပြီး

မိမိရဲ့ဥာဏ်နဲ့ လေ့လာဆုံးဖြတ်ပါ။

ညီငယ်တို့ ညီမငယ်တို့တတွေဟာ အနာဂါတ်ရဲ့ မျိုးကောင်း မျိုးသန့်လေးတွေပါ ။ မျိုးကောင်း မျိုးသန့်ဆိုတာ အချိန်မတန်ခင် မကြွေရဘူး။ လေဒဏ်၊ မိုးဒဏ်တွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ကြံ့ကြံ့ခံနိုင်ရမယ်။ရာသီဥတု ဒဏ်ကို မှ မခံနိုင်ပဲ စောစော ကြွေသွားမယ် ဆိုရင် ဘယ်တော့မှ မျိုးကောင်းမျိုးသန့် ဆိုတဲ့ မျိုးစေ့ ဖြစ်မလာပဲ။ မိုးဒဏ် လေဒဏ် တွေရဲ့ကြားထဲမှာ နေရာအနှံ့မျော ပါနေပြီး ဘယ်နေမှ အသုံးဝင်မှာ မဟုတ်တော့ပါဘူး။ကဲ ညီငယ် ညီမငယ်တို့ ဘယ်လို ဖြစ်ချင်ကြသလဲ ဆိုတာ တော့ မိမိဘာသာ စဉ်စားပါ။ စာရိတ္တဆိုတာ တကယ်တော့ အသိပါ။ အသိပေါ်မှာ မူတည်ပြီး ကျင့်ရတာပါ။သစ်ပင်တစ်ပင်ကို ကြည့်တဲ့အခါ အမြစ်ပိုင်း။ ပင်စည်ပိုင်း။ အကိုင်းအခတ်ပိုင်း ဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ လူဘဝမှာလည်း ကိုယ်ကျင့်တရားပိုင်း။ အသိပညာပိုင်းနဲ့ အတက်ပညာပိုင်း။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာပိုင်း ဆိုပြီး သုံးပိုင်းရှိပါတယ်။သစ်ပင်တစ်ပင်မှာ အမြစ်ပိုင်းသာ ပျက်စီးသွားမယ်ဆိုရင် ကျန်တဲ့ ပင်စည်ပိုင်းနဲ့ အကိုင်းအခတ်ပိုင်းတို့ဟာ ဘာမျှ သုံးမကျတဲ ထင်းခြောက်တွေပဲ ဖြစ်သွားမှာပါ။ အဲဒီအတိုင်းပဲ လူဘဝမှာလည်း

ကိုယ်ကျင့်တရားပိုင်း ပျက်စီးသွားပါက

ကျန်တဲ့ အသိပညာနှင့် အတက်ပညာပိုင်း

ရာထုးဂုဏ်သိန် စည်းစိမ် ဥစ္စာပိုင်းတွေဟာ

အလွန်ကြောက်စရာကောင်းတဲ့

လောက်ကရဲ့ အဆိပ်များသာ ဖြစ်လာတော့မှာ။

ညီငယ် ညီငယ်တို့ လောကရဲ့ အဆိပ်တွေ ဖြစ်ချင်ကြသလား။ စာရေးသူ ဆန္ဒအမှန်ကတော့ အရွယ်မရောက်ခင် မကြွေစေချင်ပါဘူး။ မနွမ်းစေချင်ဘူး။ အရွယ်ရောက်လာတဲ့ အထိ အ ကိုင်းအခတ် အလက်တွေ ဝေဝေဆာဆာ နဲ့ တင့်တင့် တယ်တယ် ဘဝကို မြင်ချင်ပါတယ်။ကာမ တရားဆိုတာ ခုခေတ် လူငယ် လူရွယ်တွေ ကြားထဲမှာ ခေတ်စားနေပါတယ်။ အဲဒီင်္အတွက်ကြောင့်ပဲ စာရိတ္တ ပိုင်းဆိုင်ရာတွေ ဆိုးရွားစွာ ပျက်ဆီးနေကြတာ။ အားလုံး အသိပါ။ဒီတော့ နောက်ကာလရဲ့ တန်းဖိုးကြီးတဲ့ ရတနာလေးများ ဖြစ်ကြတဲ့ ညီငယ် ညီမငယ်တို့ မိမိ တို့ရဲ့ အကျင့်သိက္ခာပိုင်းကို ကိုယ်စီကိုယ်ငှ အမြဲတန်း စောင့်ထိမ်းကာကွယ် သွားကြရမယ်။မိမိရဲ့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ စောင့်သိကြမယ်ဆိုရင် ဘယ်လို ဒုက္ခတွေမှ တွေ့လာစရာ အကြောင်းမရှိပါဘူး။ မစောင့်ထိမ်းနိုင်ဘူးဆိုရင် မျိုမိတဲ့ ငါးပမာ ဖြစ်သွားလိမ့်မယ်။

ကာမသုခရဲ့နောက်မှာ လက်စမသတ်နိုင်တဲ့

ကာမ ဒုက္ခတွေ ရှိတယ်။

ငါးစာကိုသာမြင်ပြီး

ငါးမျှားချိတ်ကို မမြင်ဘဲ

ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးလို

ဒုက္ခရောက်တယ်တယ်
ညီငယ် ညီမငယ်တို့ သတိထားကြပါ။

ဒါကြောင့် သတိဆိုတာလည်း မမေ့ပါနဲ့။ သတိကို ပညာနဲ့ကြည့်ရမယ်။ သတိ ဟာ ဘဝမှာ အလွန်အရေးကြီးပါတယ်။ သေးနုပ်တဲ့ ကိစ္စပင်ဖြစ်စေ။ သတိလက်လွတ် လုပ်ကိုင်မိရင် ဆိုးကျိုးပေးတက်တယ်။အချို့ အမှတ်မထင် ခဏလေးမျှ ပြုလိုက်မိသဖြင့် အသက်ကို ထိခိုက်နိုင်ခြင်း။ အရှက်ကို ထိခိုက်နိုင်ခြင်း နဲ့ မိမိကြောင့် အများဒုက္ခရောက်ခြင်းတို့ ဖြစ်နိုင်တယ်။သတိကို သတိနဲ့ ထိန်းပေးရမယ်။ သတိထားမှ သတိရှိနိုင်မယ်။ သတိ မထားပဲ မေ့မေ့လျော့လျော့ နေထိုင် လုပ်ကိုင် ပြုမှု ဆက်ဆံ ပြောဆိုမယ်ဆိုရင်တော့ တစ်ချိန်မှာ သတိမမှုတဲ့ အပြစ်ကို ပြန်လည် ခံရမှာဖြစ်တယ်။

နှလုံးသားက တောင်းဆိုတိုင်း

ဦးနှောက်က အလိုလိုက်ရင်

ပြင်မရအောင် မှားတက်တယ်။

တစ်ခဏသုခကို သည်းခံလိုက်ပါ

မရေမတွက်နိုင်တဲ့ ဒုက္ခတွေကို

ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
သတ္တဝါတွေ ဒုက္ခရောက်တယ်ဆိုတာ

တစ်ခဏသုခကို သီးမခံနိုင်ကြလိုပါပဲ။
သင်ဓုန်းဓားသွားပေါ်မှာ ပေကျံနေတဲ့ ပျားရည်ကို

တစ်ခဏ လျှက်မိလိုက်တာနဲ့

တစ်သက်လုံး လျှာပြတ်တဲ့ ဒုက္ခ ရောက်ရသလို

တစ်ခဏသုခကို သည်းမခံနိုင်ရင်

ဒုက္ခကို တစ်သက်လုံး ကျောပိုးထားရမယ်ဆိုတာ

အချိန်မလွန်ခင်

ဆင်ခြင် စဉ်စား သည်းခံလိုက်ပါ။

အောင်၊ နိုင်ရင် အကျိုးရှိ ဆိုတဲ့ စကားကို ရှေးပညာရှိ စာရိတ္တကောင်းခဲ့ကြတဲ့ လူကြီးတွေက အလကားထားခဲ့ ကြတာ မဟုတ်ပါဘူး။

Ability may get you to the top, but it takes character to keep you there.

ကိုယ်စွမ်း ကိုယ်စက သင့်အား

ထိပ်ဆုံးသို့ ရောက်ရှိစေနိုင်တယ်။ သို့ရာတွင် အကျင့်စာရိတ္တကသာလျှင်သင့်အား ထိပ်ဆုံး၌ ဆက်လက်တည်မြဲ စေနိုင်ပါသည်။

ကဲ အားလုံးကျမ်းမာချမ်းသာကြပါစေ။စာဖတ်သူတို့ ရင်ထဲမှာ တစ်ခုခု များကျန်ခဲ့ရင် စာရေးကျိုးနပ်ပါသည်။

အရှင်ပညာနန္ဒ- M.A (မောင်ငြိမ်းချမ်းလေး)

Wednesday, February 2, 2011

စောင့်လေမျိုးနွယ်


















ပုံတွေကြည့်ပြီးရင်နာလို့ ပါ။
စောင့်လေမျိုးနွယ်ဆိုတဲ့ မြန်မာယဉ်အကျေးမှုဘယ်ရောက်သွာြး
ပီလဲ။
ကျွန်တော့်ဆီ မြန်မာ့အဆင့်မီ ယဉ်ကျေးသူ သတို့သမီး ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောက်လာတာပါ။
ဂုဏ်ယူစရာလား၊ရှက်စရာလားဗျာ....

Friday, December 31, 2010

ဗဟုသုတ

ကိုယ့်ကို ကိုသိပါ

ဂရိပညာရှိကြီး ဆိုကရေးတီး၏ သွန်သင်ချက်များတွင် ကိုယ့်ကိုကိုယ်သိပါ ဆိုသော စကားသည် အတိုတောင်း ဆုံးနှင့် အဓိပ္ပါယ်၊ အလေးနက်ဆုံး၊ အကျယ်ဝန်းဆုံးဖြစ်၏ ထိုစကားသည် မိမိတစ်ဦးတည်းသာ ၀ကွက်ပြီး သိနေဖို့မဟုတ် . . မိမိနှင့် ပတ်သက်သမျှကို သိအောင် ကြိုးစားရန် နှိုးဆော် တိုက်တွန်းထားခြင်းဖြစ်၏. . .

မိမိဘာလုပ်နေသည်. . ဘာတွေ စိတ်ကူးနေသည်. . မိမိဘ၀ စားဝတ်နေရေးအတွက် ဘယ်လိုက် လုပ်ကိုင်ရှာဖွေနေသည် . . မိမိဘ၀ တိုးတက်နေသည်. . သို့မဟုတ် ဆုတ်ယုတ်နေသည်. . . . မိမိ၏ ပြုမူပြောဆို ကြံစည်နေသမျှသည်. မှားယွင်း နေသည် (သို့) မှန်ကန်နေသည် စသည်ဖြင့် မိမိဘ၀တစ်ခုလုံးကို လွှမ်းခြုံ သိရှိခြင်း ဖြစ်၏ .. .

မိမိဘာဖြစ်နေသည်ကို သိမှသာလျှင် မိမိဘ၀ ရပ်တည်နိုင်ရေး အတွက် ဖြည့်ဆည်းလမ်းညွှန်ပေးနိုင်မည်ဖြစ်၏. . . မိမိဘ၀ကို ပဲ့ကိုင်ထိန်းသိမ်းထားခြင်းမရှိဘဲ ဖြစ်ချင်သလို လွှတ်ထားသူသည် တကယ်စင်စစ် မိမိ ဘာဖြစ်နေသည်ကို မသိသောကြောင့် ဖြစ်၏


စောလူးမင်းသည် မိမိ၏ အံကစားခြင်း စသော လောင်းကစား ပျော်ရွှင်ခြင်း ၌ စွဲမက်လွန်းသည့်အဖြစ်ကို မသိသောကြောင့် ငရမန်ကန်းလက်ချက်ဖြင့် ရာဇပလ္လင်ထက်မှ ပျောက်ကွယ်သွားရ၏

တပင်ရွှေထီးသည် သေရည်သောက်စားခြင်း၌ ၀ါသနာထုံလွန်းသဖြင့် တိုင်းရေးပြည်ရေးကို လျစ်လျူပြုနိုင်သော တွေဝေမိုက်မဲနေသည့် အဖြစ်ကို မသိသောကြောင့် စစ်တောင်းစား၏ ဓားချက်ဖြင့် ခန္ဓာအိုးစားကွဲရ၏ .

မိမိဘာဖြစ်နေသည်ကို မိမိကိုယ်တိုင် မသိသောကြောင့် သူတို့သည် ဘ၀နွံအိုင်ထဲတွင် နစ်မွန်းသွားကြရ၏. . . မသိခြင်း၏ ဆိုးကျိုးကား နှိုင်းတု၍မရအောင် ကြီးမားလှ၏ . . .

ဥာဏ်ပညာသည် မှားသည် ၊မှန်သည် ၊ အကျိုးရှိသည် ၊ အကျိုးမဲ့သည်ကို ရှင်းလင်းပီပြင်စွာ ခွဲခြားနိုင်သော လူစွမ်းရည်တစ်ရပ်ဖြစ်၏ . . မိမိကိုယ်ကိုယ် ဥာဏ်ပညာဖြင့် ထိန်းအုပ်ထားရာ၏ . . သတိသည် မိမိဘာဖြစ်နေသည်ကို ချက်ချင်းသိနိုင်သော စွမ်းရည်ဖြစ်၏ . . မိမိကိုယ်ကိုယ် သတိဖြင့် ထာဝစဉ် စောင့်ကြည့်နေရာ၏ . .

သမာဓိသည် မိမိ၏ စိတ်ကို တည်တံ့ခိုင်မြဲနေအောင် ထောက်ကူ ထိန်းကွပ်ထားနိုင်သော စွမ်းရည်ဖြစ်၏ . . . မိမိစိတ်ကို မယိမ်းမယိုင် တည်မြဲနေအောင် သမာဓိဖြင့် ထိန်းချုပ်ထားရာ၏။ .

ဥာဏ်ပညာ၊ သတိ နှင့် သမာဓိတို့သည် ဘ၀နွံတွင်းသို့ မသက်ဆင်းသွားနိုင်အောင် ကာရံထားအပ်သည့် တံတိုင်းကြီးများဖြစ်၏ . . . လှပတင့်တယ်သော ဘ၀တစ်ခုကို ထုပ်ပိုးဝိုင်းရံထားသော ကြိုးများလည်း ဖြစ်၏ . . . ထိုတံတိုင်းများ ၊ ကြိုးများဖြင့် မိမိကိုယ်ကိုယ် ကောင်းစွာ ၀န်းရံချည်နှောင်ထားနိုင်လျှင် "အတ္တသမ္မာပဏီဓိစ" ဟူသော မိမိကိုယ်ကိုယ် ကောင်းစွာ ထိန်းမတ်ထားနိုင်မည်မှာ သေချာနေပေတော့သည်. . .

ဦးဝမ်ထိန်
Posted by May16

သခင်စိတ်မွေးကာ သခင်လိုကျင့်ပါ

သခင်ဖြစ်လိုသလား ကျွန်ဖြစ်လိုသလားလို့မေးရင် သခင်ဖြစ်ချင်သူပဲ များမှာ သေချာပါတယ်. .
တချို့ကတော့ အခုခေတ်မှာ သခင်တွေ ကျွန်တွေမရှိလို့ . ယတိပြတ်ဖြေကြမှာပါ. . . တကယ်တော့ ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှုကြောင့် လူတန်းစားခွဲခြားမှုဟာ မပြင်းထန်ပေမယ့် လူတွေရဲ့ အရည်အသွေးဟာ ကွဲပြားဆဲခြားနားဆဲပါ. . . အပြင်ပန်းက ခွဲခြားမှုက ကျော်လွှားဖို့ လွယ်ကူပါတယ်. .

ကျွန်ကျင့်ဝတ်ဆိုတာကတော့ သူတစ်ပါး လက်ညှိုးညွန်မှ စိတ်မပါ့တပါ ထလုပ်တာမျိုးဖြစ်ပါတယ်. .
သခင်ကျင့်ဆိုတာက လုပ်သင့်တာဟူသမျှကို တာဝန်ယူလုပ်ဆောင်တတ်တဲ့ အကျင့်ဖြစ်ပါတယ်. .
ကိုယ့်ဘာကိုယ် လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားတတ်ရပါမယ်. . လုပ်သင့်တာကို ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ကိုယ့်ရဲ့စေ့ဆော်မှု ကိုယ့်ရဲ့ တာဝန်ယူလိုမှုနဲ့ ကိုယ်လုပ်ရပါမယ်. . .

သခင်စိတ်က လွပ်လပ်ပါတယ် ၊ တက်ကြွပါတယ်၊ ထက်မြက်ပါတယ်. .ကျွန်စိတ်ကောတ့ ခိုင်းတဲ့အခါကျမှ ထလုပ်တတ်တာဖြစ်လို့ လာဘ်မမြင်ပါဘူး . . ညွှန်ပြတဲ့သူရဲ့ အမူအရာ လေသံဟန်ပန်ကိုသာ ဂရုထားတတ်လို့ တက်ကြွခြင်းမရှိတတ်ပါဘူး. . . ကျွန်ကျင့် ကျင့်သူများဟာ အခွင့်အရေးရလာရင်လည်း မယူဝံ့မယူရဲပါဘူး . . . အခွင့်အရေးကို ယူတဲ့အခါမှာလည်း ကျွန်စိတ်နှင့် သခင်စိတ် ယူပုံယူနည်းကွာခြားပါတယ်. .

ကိုယ့်ဘ၀ ကိုယ့်အလုပ် ကိုယ့်တာဝန်တွေကို ကိုယ်အမှတ်တကယ် တာဝန်ယူတတ်တဲ့သူဟာ သူ့ဘ၀ကို သူပိုင်ဆိုင်တဲ့ သခင်ဖြစ်ပါတ်. . အလုပ်ခွင်တွေမှာ ကိုယ်လုပ်ရမယ်ဆိုတဲ့ အလုပ်ကလေးကို မပြီးနိုင်အောင် အချိန်ဆွဲ လုပ်နေတတ်တဲ့သူနဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်ရုံမက လိုအပ်ချက်ဟူသမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးတတ်တဲ့သူများ ရှိတတ်ပါတယ်. . . သူတို့နှစ်ဥိးဟာ ကြာလေ ကွာဟာလေပါပဲ ..

အချိန်ကြာလာတဲ့အခါမှာ အလုပ်ကို တာဝန်ယူပြီး လုပ်တတ်တဲ့စာဟာ မိမိကိုယ်ကို ယုံကြည်စိတ် ပိုမိုမြင့်မားလာပြီး အမှန်တကယ် တာဝန်ကြီးကြီးကို ယူရတဲ့ ယူနိုင်တဲ့သူဖြစ်လာတာကို မလွဲမသွေတွေ့ရတတ်ပါတယ်. . . . အလုပ်တာဝန်များကို သခင်စိတ်ဖြင့် ကိုယ့်တာဝန်ကိုယ် တက်ကြွစွာတာဝန် ယူဆောင်ရွက်တတ်သူများ ဖြစ်နိုင်ပါစေ . . .

ဒေါက်တာမတင်ဝင်း

Posted poemflower

စိတ်ကျရောဂါ ကာကွယ်နည်းများ

မိမိကိုယ်တွင် စိတ်ကျရောဂါ မ၀င်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မ၀င်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . .

ယင်းနည်းလမ်းကောင်းများမှာ-

၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။

၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။

၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။

၎။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။

၅။မိမိရရှိထားသောဘ၀နှင့် အပ်စပ်ဆီလျော် ထိုက်တန်သလောက်သာ ရယူသုံးစွဲတတ်သော စိတ်ကို ပျိုးထောင်ပါ။

၆။ ခေတ်မှီခြင်းသည် အတိုင်းအတာ တစ်ခုအတွင်း၌သာ တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။

၇။ ထူးထွေဆန်းပြားသော အရာများအပေါ် ညွတ်တတ်သော အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၈။မိမိဘ၀ တိုးတက်ကြီးပွားအောင် အစဉ်ကြိုးစားနေရမည် မှန်သော်လည်း လက်ရှိရထားသော ဘ၀အခြေအနေ ကို ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဖြစ်သမျှ ၊ ရှိသမျှအပေါ် ရောင့်ရဲ ကျေနပ်တတ်သော စိတ်ကို မွေးမြူပါ။

(၉)အလိုရမ္မက်ကြီးမှု၊ ပြိုင်ဆိုင်မှု၊ ဂလဲ့စားချေမှု၊ တစ်ကိုယ်တော် ပလွှားလိုမှုတို့သည် နိမ့်ကျညံ့ဖျင်းသော စိတ်ဓာတ်များ ဖြစ်ပြီး ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ အများကောင်းစားသည်ကို ၀မ်းမြောက်ခြင်း ၊ ခွင့်လွှတ်သည်းခံခြင်းတို့သည် အပြု စိတ်ထား အရည်အချင်းများ ဖြစ်သည်ကို နားလည်သဘောပေါက်ပါ။

(၁၀) စိတ်ကူးယဉ်ဘ၀ထက် လက်တွေ့ဘ၀ကို စိတ်ဝင်စားပါ။

(၁၁) မိမိဖြစ်စေချင်သလို မဖြစ်၊ မဖြစ်ချင်သော်လည်း ဖြစ်လာတတ်သော လောကဓမ္မတာသဘောကို လက်ခံ၍ မိမိသဘောအတိုင်း ဖြစ်မလာသည့်အခါ ကျေနပ်စွာနေနိုင်သော စိတ်မျိုးအတိုင်းမွေးမြူပါ။

သို့မှသာလျှင် ရခဲလှစွာသော လူ့ဘ၀ကို ရလာသူတိုင်းသည် အသက်ရှင်နေထိုင်ရသော သုခတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

ဦးဝမ်ထိန်
Posted by Poemflower

Tuesday, December 21, 2010

မလေးရှားတွင် မြန်မာမိန်းကလေး

ပည်ပနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသမီးများမှာ လုံခြုံမှု မရှိကြောင်း အောက်ပါ အဖြစ်အပျက်က သက်သေပြနေပါသည် ။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူး တွင် အလုပ် လာရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေးများ နေထိုင်ရာ အိမ်ကို အကြမ်းဖက်ဝင်ရောက် ပစ္စည်းယူ မုဒိန်းကျင့် သောအမှုတခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အမှုမဖြစ်ပွားမှီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက် ကြည့်ရှု့ချောင်းမြောင်း နေသည့် ယောင်္ကျားလေး သူစိမ်းကို တွေ့ရှိရသဖြင့် အလုပ်သမ များမှ အေးဂျင့်အား ဖုန်းဆက်ကာ အကြောင်းကြား သော်လည်း တစ်စုံတရာ လာရောက် ပြောဆိုလုပ်ကိုင်ပေးခြင်း မရှိခဲ့ပါ။

နောက်တစ်ကြိမ်တွင်လည်း အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟု ထင်မြင်ယူဆ ရသူများ လာရောက်၍ မဖွယ်မရာ ပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြသသဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြားခဲ့ပါသည်။ အဆိုပါ အေးဂျင့် မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးခြင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည် ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။

ယခုဖြစ်ပွားပုံမှာ အဆိုပါ မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းကလေး နေထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး ဝင်ရောက်လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀)ယောက်ကို ကြိုးနှင့်တုပ် အဝတ်များပါးစပ်ကို ပိတ်စည်းကာ အားလုံးကို အဝတ်အစားများချွတ်ပြီး ရေချိုးခန်းတွင်းသို့ ထည့်ကာ ပိတ်ထားပါသည်။

ထို့နောက် ငယ်ရွယ်သော မိန်းကလေး (၄)ယောက် ကို အခန်းတွင်းသို့ခေါ်ကာ မုဒိန်းကျင့်မှု ကျူးလွန်ခဲ့သည်ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေမွှေနှောက် ယူငင်သွားကြသည့်အပြင် မိန်းကလေး (၄)ဦးအား စော်ကားသွားခြင်းဖြစ်ပါသည်။
အဆိုပါ အမှုကိစ္စအား မလေးရှား ရဲဌာနမှ မည်သို့ ဆက်လက် လုပ်ကိုင်ပေးမည်ကို မသိရှိရသေးသော်လည်း နောက်ဆုံး ကြားသိရသည့် သတင်းအရ အဆိုပါ မိန်းကလေး များအားလုံးကို မြန်မာသံရုံးမှ လာရောက် ခေါ်ဆိုသွားသည်ဟု သတင်းပေးပို့သူမှ တဆင့် ကြားသိရပါသည်။

အသေးစိတ် အချက်လက် သတင်းကို ထပ်မံ စုံစမ်းဖော်ပြ ပေးသွားပါမည်။

ပြည်တွင်းစီးပွားရေး မပြေလည်မှု အလုပ်အကိုင် ရှားပါး မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ် လုပ်ကိုင်နေကြရသည့် မြန်မာနိုင်ငံမှ အလုပ်သမား အများအပြား ရှိပါသည်။ အဆိုပါ အထဲတွင် မိန်းကလေး အများအပြားပါရှိပါသည်။ မြန်မာနိုင်ငံမှ လာရောက်အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြားမှာ မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ပါသည်။
မလေးရှားတွင် အလုပ်လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများမှာ မကြာခဏ လုယက်ခံရခြင်း၊ ရိုက်မှုများဖြစ်ခြင်းနှင့်အနိုင်ကျင့် စော်ကားခံရမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။
အလုယက် ခံရသူများမှာ မည်သို့ တိုင်ကြားရမည်ကို မသိရှိခြင်း၊ရှက်ကြောက်ခြင်း တို့ကြောင့် လူ့အခွင့်ရေး ချိုးဖောက်မှု့များ ဖြစ်ပွားနေသော်လည်း မည်သည့် အမှု့မှ သေချာ ပေါ်ပေါက်ခြင်းမရှိပဲ ရှိနေပါသည်။

Sunday, December 19, 2010

စင်ကာပူသို့ အလုပ်လုပ်ရန်

စင်ကာပူသို့ အလုပ်လုပ်ရန် သွားမည့်မြန်မာလူငယ်များ အနေဖြင့် မိမိတို့ရရှိထားပြီးသော နေထိုင်ခွင့် ပါမစ်အမျိုးအစားကို သေချာစိစစ်ပြီးမှ သွားလာသင့်ပြီဖြစ်ကြောင်း စင်ကာပူ အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူအချို့က သတိပေးပြောကြားခဲ့ပါသည်။

စင်ကာပူသို့ အလုပ်အကိုင်ဖြင့် သွားရောက်သူများ၌ နေထိုင်ခွင့်ပါမစ် ယေဘုယျအားဖြင့် သုံးမျိုးရှိကြရာ ယင်းတို့ထဲ၌ မြန်မာလူငယ်အများစု သွားရောက်သော ပါမစ်အမျိုးအစားမှာ Special Pass (S pass ) ဖြစ်ကြသည်ဟု သိရသည်။

ယခုအခါ S pass ဖြင့် စင်ကာပူသွားမည့်သူများအား အေးဂျင့်မှယင်းပါမစ်ဖြင့် သွားရမည်ဆိုသော်လည်း သေချာစိစစ်သည့်အခါ ပါမစ်လွဲချော်နေသည့် ကိစ္စများရှိနေခဲ့ကြောင်း မကြာသေးမီက စင်ကာပူ၌ဖြစ်ပျက် ခဲ့သည့်ဖြစ်စဉ်နှင့် နီးစပ်သူက ပြန်လည် ပြောပြခဲ့သည်။

"စင်ကာပူလာမယ့်သူကို မြန်မာဘက်က အေးဂျင့်က S pass ပါမစ်နဲ့ သွားရမယ်ဆိုပြီး လိမ်ပြီးပို့လိုက်တယ်။ ဒီရောက်တော့ ပါမစ်က S pass မဟုတ်တဲ့အပြင် Maid Permit နဲ့ အိမ်အကူလုပ်ဖို့ ဖြစ်နေတာ တွေ့ရတယ်။ စင်ကာပူဘက်က မြန်မာအေးဂျင့်ကပြောမှ အိမ်အကူပါမစ်နဲ့ ရောက်လာခဲ့ရမှန်း သိခဲ့ရတယ်။ မလုပ်ချင်ရင် အေးဂျင့်ခ စင်ကာပူ ဒေါ်လာ ၁၅၀၀ လျော်ရမယ်ဆိုပြီး ပြောခဲ့တယ်။ ဒါမှမဟုတ်ရင် အိမ်အကူပဲ ၀င်လုပ်ခိုင်းခဲ့တယ်" ဟု စင်ကာပူ၌ ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်အား စင်ကာပူရောက် မြန်မာအမျိုးသမီး တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။

စင်စစ်အားဖြင့် မြန်မာအများစုသည် စင်ကာပူ၌ S pass ဖြင့်နေထိုင်ခွင့်ရပြီး အလုပ်ရရှိမည်ဆိုပါက စင်ကာပူဒေါ်လာတစ်လလျှင် ၁၈၀၀ အနည်းဆုံး ရရှိနိုင်ခြင်းကြောင့် အေးဂျင့်အများစုမှ S pass ဖြင့်အလုပ်ရမည်ဟု မက်လုံးပေး ဆွဲဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု စင်ကာပူအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူက ပြောကြားပါသည်။

ထို့ပြင် Work Permit မှာ အခြေခံအလုပ်သမား အများစုသွားရောက်သည့် ပါမစ်အမျိုးအစားဖြစ်သည့် အပြင် Employment Pass မှာမူ စင်ကာပူ၌ အရည်အချင်းရှိ အဆင့်မြင့် ရာထူးအဆင့်များဖြစ်ကြကာ ယင်းပါမစ်ဖြင့် နေထိုင်ခွင့်ရရှိပြီးသူ မြန်မာများမှာမူ တစ်လလျှင် စင်ကာပူဒေါ်လာ ၃၀၀၀နှင့် အထက် အနည်းဆုံးရရှိကြကြောင်းလည်း သိရှိရပါသည်။

"စင်ကာပူမှာ အလုပ်ရပြီး နေထိုင်ခွင့်ကျတဲ့သူတိုင်းမှာ ကိုယ်က ဟိုမှာ ဘယ်လိုပါမစ်နဲ့နေရမလဲ ဆိုတာပါပြီးသားပါ။ သေချာစိစစ်ပြီးမှ သွားလာသင့်တယ်။ အခုလောလောဆယ်မှာ ဟိုဘက်ကအလုပ်ရှင်က အလုပ်ခန့်ချင်တာတောင် S pass ကျဖို့မလွယ်တဲ့ ဖြစ်ရပ်တွေရှိနေပါ တယ်"ဟု Gallant ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ မအိမျိုးဆွေက ပြောကြားခဲ့ပါသည်။

ယခုအခါ S pass ပါမစ်ကျရန် အခက်အခဲအချို့ ရှိနေခြင်းကြောင့် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် သွားမည့် အရည်အချင်းရှိသူများအား S pass အစား Employment Pass ဖြင့် အစားထိုးလျှောက်ထားမှုများ ပြု လုပ်ပေးနေရသည်ဟုလည်း Gallant ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ သိရှိရပါသည်။

ထို့ပြင် စင်ကာပူရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာ တို့မှ မြန်မာအပါအ၀င် ၎င်းတို့နိုင်ငံ၏နေထိုင်ခွင့်ပါမစ် လျှောက်ထားခဲ့ ကြသောသူများအား၂၀၁၀ပြည့်နှစ်ပိုင်းမှ စတင်ကာနေထိုင်ခွင့် ပါမစ်များ ကန့်သတ်ခဲ့ခြင်းများကြောင့် ယခုအခါ S pass ရရှိရာတွင် နှောင့်နှေးခြင်းများ၊ ပယ်ချခံရသည့် ဖြစ်စဉ်များရှိလာခဲ့သည်ကိုလည်း သိရသည်။

"စင်ကာပူမှာနေထိုင်ခွင့် ပါမစ်ကျဖို့ အခုနောက်ပိုင်းမလွယ်ဘူး။ လာမယ့်သူကို သေချာစိစစ်မှုတွေလုပ်တာ။ အဲဒီလူဟာ အရင်ကစင်ကာပူ မှာ နေထိုင်ခွင့်လျှောက်ခဲ့ဖူးသလား စိစစ်တယ်။ အလုပ်သမားရေးရာဌာန MOM မှာရှိတဲ့ကိုယ်ရေးမှတ်တမ်း အချက်အလက်တွေဟာ အမှန်တွေနဲ့ တိကျဖို့လိုပါတယ်" ဟု Gallant ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ မအိမျိုးဆွေက ပြောပြခဲ့ပါသည်။

Monday, November 29, 2010

ချစ်ခြင်းမေတ္တာနှင့် ကျန်းမာရေး

လောကကြီးသာယာလှပဖို့အတွက် ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ ကြုံတွေ့ကြမှာပါ. . . အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင် လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .

ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင် တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊ စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ် ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . . ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်. . . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .

အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .

  • အချစ်က နုပျိုစေနိုင်တယ်
  • အချစ်က အသက်ရှည်စေနိုင်တယ်
  • အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
  • အချစ်က သွေးတိုးကာကွယ်ပေးတယ်
  • အချစ်က နှလုံးအတွက် ကောင်းစေတယ်
  • အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
  • အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
  • အချစ်က ညဏ်ကောင်းစေတယ်
  • အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
  • အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .

အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . . ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ် ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

နုမြတ် (ဆေး -၁) (အာရောဂျံ)

ချစ်သူတိုင်း ပျော်ရွှင်ကြည်နူးကြပါစေရှင်.. .
 

လာလည်ကြသူများ